Pages

Subscribe:

Wednesday, February 20, 2013

Ki Ki's Delivery (1989)



ကာရိကီယက မြို့လေးရဲ့ မြက်ခင်းပြင်ပေါ်မှာ ဆယ်သုံးနှစ်သမီး ကိကီဟာ မိုးလေဝသသတင်းကို ရေဒီယိုကနေ နားဆင်နေတယ်။ ရေဒီယိုကရာသီဥတု သာယာမယ်ဆိုတဲ့ ကြေငြာချက်ကိုလည်း ကြားရော ကိကီလေးဟာ တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ပုံနဲ့ သူ့အိမ်ဘက်ဆီ သုတ်ခြေတင်ပြေးတော့တယ်။ အိမ်မှာက ဒိုရာဆိုတဲ့အဖွားကြီးက ကိကီလေးအမေဆီ ဆေးလာတောင်းနေတယ်။ ကိကီလေးအမေက ဓါတ်တွေဆေးတွေဘက်မှာ အထူးကျွမ်းကျင်တဲ့ စုန်းမတဲ့။ ကိကီကအိမ်တောင်မရောက်သေးဘူး။ နောက်လအထိသူ့မစောင့်နိုင်တော့ပဲ ဒီနေ့ညနေတင် သူမခရီးထွက်တော့မယ်ဆိုတာကို အော်ပြီးပြေးလာတာ။ အိမ်ကိုရောက်တော့ အိမ်ပေါ်ကို ကပြာကယာပြေးတက်ပြီး ခရီးထွက်ဖို့ ပြင်ဆင်တော့တယ်။


ကိကီလေးအမေ ကိုကီရီဆယ်သုံးနှစ်သမီးဘဝက ကာရိကီယကို စရောက်လာတာကို အမှတ်ရသေးတယ်လို့ အဖွားကြီးဒိုရာက တသပြောနေသေးတယ်။ စုန်းမျိုးဆက်ကလေးတစ်ယောက်ဟာ အသက်ဆယ့်သုံးနှစ်ပြည့်ပြီဆိုတာနဲ့ တခြားမြို့သစ်တစ်ခုခုကို သွားပြီး တစ်နှစ်တိတိလေ့လာသင်ယူရတယ်ဆိုတာ အလေ့အထဖြစ်ပေမယ့် ကိုကီရီက သူ့သမီးကို စိတ်မချဖြစ်နေတယ်။


ကိုကီရီက ကိကီလေးကို ကူညီသိမ်းဆည်းပေးနေတုန်း ကိကီက သူဝတ်ရမယ့် အင်္ကျ ီအနက်ကြီးကို မကြိုက်ကြောင်းပြောတယ်။ သူ့အကြိုက်ဆုံးအရောင်က ခရမ်းရောင်လေ။ ဒါပေမယ့် ကိုကီရီက စုန်းတိုင်းစုန်းတိုင်းဟာ ဒီအကျင်္ ီပုံစံပဲ ၀တ်ဆင်ရတာဖြစ်တယ်လို့ရှင်းပြတယ်။ အပြင်အဆင်အဝတ်အစားက အရေးမကြီးဘူး။ အတွင်းစိတ်နှလုံးသားကသာအရေးကြီးတယ်လို့ ကိကီကို ဆုံးမတယ်။


သာယာတဲ့ လပြည့်ည ညချမ်းချိန်ခါမှာပဲ အိမ်နီးနားချင်းတွေဟာ ကိကီလေးကို နှုတ်ဆက်ဖို့ ရောက်လာကြတယ်။ ကိကီဟာ သူ့အဖေရဲ့ ရေဒီယိုကို သူ့အမေရဲ့ တံမြက်စည်းပျံမှာချိတ်၊ သူ့အချစ်ဆုံးသူငယ်ချင်း ကြောင်ကလေးဂျီဂျီကို သယ်ပြီး ကာရီကီယကနေ စတင်ခရီးထွက်ခွာပါတော့တယ်။


အခက်အခဲလေးတစ်ချို့ ရင်ဆိုင်ပြီး နောက်တစ်နေ့မနက်မှာတော့ ပင်လယ်ကြီးနားက သာယာလှပတဲ့မြို့လေးတစ်မြို့ကို သူတို့ရောက်သွားတော့တယ်။ ကိုရီကိုဆိုတဲ့ အဲ့ဒီမြို့လေးမှာက အခြေချနေထိုင်နေတဲ့ စုန်းမမရှိတဲ့အကြောင်း သတင်းကြားရတော့ ကိကီလေးဟာ သူမရဲ့ ပညာသင်တစ်နှစ်တာကို ကိုရီကိုမြို့လေးမှာပဲ ဖြတ်သန်းဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိကီရဲ့ ကူညီပေးမှုကြောင့် မုန့်ဖိုပိုင်ရှင် အိုဆိုနိုက သူ့မုန့်ဖိုနောက်ဖေးက အိမ်လေးမှာ ကိကီကို နေထိုင်ခွင့်ပေးလိုက်တယ်။



နောက်နေ့မနက်မှာတော့ ကိကီက မုန့်ဖိုမှာ ၀င်ကူတယ်။ သူတစ်နှစ်တာဒီမှာနေထိုင်ဖို့အတွက် မုန့်ဖိုမှာ အိမ်အရောက်ပို့တဲ့ဝန်ဆောင်မှုလေး လုပ်ပါရစေလို့ အိုဆိုနိုကို တောင်းဆိုလိုက်တယ်။ ကိကီရဲ့ မုန့်အိမ်အရောက်ပို့ပေးတဲ့ ၀န်ဆောင်မှုအတွက် အိုဆိုနိုက ကိကီကို တစ်နှစ်စာအခမဲ့နေထိုင်ခွင့်ပေးလိုက်တယ်။


တစ်နေ့၊ မုန့်ပို့ပေးနေရင်းနဲ့ တောထဲမှာ တစ်ယောက်ထဲနေထိုင်တဲ့ အာဆူလာဆိုတဲ့ ပန်းချီဆရာမလေးနဲ့ ကိကီနဲ့ခင်ခဲ့တယ်။


အဲ့ဒီမြို့လေးမှာ ပျံသန်းခြင်းကို ၀ါသနာပါတဲ့ တွမ်ဘိုဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူက တံမြက်စည်းပျံနဲ့ ကိကီလေးကို သဘောကျနေတယ်။


ကိကီလေးတစ်ယောက် မြို့အသစ်မှာ အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံနိုင်ပါ့မလား။


တစ်ညနေမှာတော့ ကိကီဟာ သူ့ကြောင်လေး ဂျီဂျီနဲ့ စကားပြောလို့မရတော့မှ သူ့မှာ မှော်အစွမ်းတွေပျောက်နေတာကို သိလိုက်ရတယ်။ ဒါနဲ့ သူတံမြက်စည်းကို ယူပြီး အိမ်အပြင်ပြေးထွက်ကာ ပျံသန်းဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမယ့် မှော်အစွမ်းတွေပျောက်ဆုံးနေတော့ တံမြက်စည်းက မပျံနိုင်ပဲ နောက်ဆုံးမတော့ ကျိုးတောင်ကျိုးသွားတော့တယ်။



ကိကီလေး တံမြက်စည်းပျံအသစ်လုပ်မလို့ ကြိုးစားနေတုန်းပဲ သူ့ဆီကို အာဆူလာရောက်လာတော့တယ်။ အာဆူလာက ကိကီနဲ့ ဂျီဂျီကို သူနဲ့လိုက်ခဲ့ဖို့ခေါ်တယ်။ ကိကီကလိုက်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် သူငယ်ချင်းအသစ်ရနေတဲ့ ဂျီဂျီကတော့ သူတို့နဲ့ မလိုက်ပဲနေခဲ့တယ်။ ကိကီလေးကို အာဆူလာက ပန်းချီဆွဲတယ်ဆိုတာလည်း မှော်အတတ်လိုပဲလို့ရှင်းပြတယ်။ အချိန်တိုင်း ဆွဲသမျှ လှနေမှာမဟုတ်ဘူး။ ပုံဆွဲချင်စိတ်ရှိပါလျက် ဦးနှောက်ကမထွက်တဲ့အခါတွေရှိတယ်တဲ့။ ထူးအိမ်သင်ပြောသလို အကြည်ဓါတ်လေးရှိနေမှ အနုပညာအလုပ်ဖြစ်တာပေါ့။ အကြည်ဓါတ်လေး ကုန်ခမ်းနေတဲ့အခါမှာ ဘာမှ အလုပ်မဖြစ်တော့ဘူး။ အဲ့တော့ အကြည်ဓါတ်ကလေးပြန်ရအောင် စောင့်တန်စောင့်၊ နားတန်နားရတာပေါ့။

ကိကီလေး အရင်လို မှော်အစွမ်းတွေပြန်ရပါ့မလား။ အရင်လိုပဲ တံမြက်စည်းနဲ့ ပျံသန်းနိုင်ဦးမှာလားဆိုတာကိုတော့………


0 comments:

Post a Comment