Pages

Monday, January 28, 2013

Precious ( 2009 )

ဇာတ်လမ်းဆု၊ သရုပ်ဆောင်ဆု၊ ဒါရိုက်တာဆု Oscar တွေ လည်း တပြုံတမရခဲ့တယ်။ Oscar မရခင်ကတည်းက ဇာတ်ကားစထွက်လာကတည်းက  Mo’ Nique ရဲ့ အံ့မခန်း သရုပ်ဆောင်မှုကို လူပြောသူပြောများတယ်။ ချီးကျူးခံရတယ်။ Sundance ရုပ်ရှင်ပွဲတော်မှာလည်း ရနိုင်သမျှထဲက အကောင်းဆုံးဆုသုံးဆုဖြစ်တဲ့ ပရိသတ်အကြိုက်ဆုံးဆု၊ ဇာတ်ကားအတွက် Grand Jury ဆု၊ Mo’Nique ရဲ့ သရုပ်ဆောင်မှုအတွက် Special Jury ဆုတွေ ဆွတ်ခူးခဲ့။ ကဲ အဲ့ဒီလိုကောင်းတဲ့ကား။ Popcorn က တင်ဆက်ပေးလိုက်ပါပြီ။ ၂၀၀၉ ကတည်းကထွက်တာဆိုပေမယ့် ကျနော်တို့ ဆီက လူတွေ သိပ်သတိမထားလိုက်မိပါဘူး။ ဒါကြောင့် မကြည့်ရသေးသူတွေအတွက်နဲ့ ကြည့်ပြီးသူများ ပြန်ခံစားဖို့အတွက်။ ဇာတ်ကားနာမည်က “Precious”.



ဇာတ်ကတော့ ၁၆ နှစ်အရွယ် Clarice “Precious” Jones ရဲ့ အကြောင်း။ သူအမေနဲ့ သူ့အဖေက သူ့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်။ သူ့အဖေကြောင့် သူကိုယ်ဝန်ရလာတော့ ကျောင်းကထုတ်ခံရတယ်။ ဒါတောင်မှ သူ့အမေက သူ့ကို “ငါနင့်ကို ဖျက်ချခဲ့သင့်တယ်” လို့ဆိုသေးတယ်။ ဒါပေမယ့် Precious ဟာ သူ့ကိုယ်သူ ယုံကြည်မှုနဲ့ ဒီကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ဖို့ ကြိုးစားတယ်။



ဒီဇာတ်ကားက ထွက်ပေါက်မရှိအောင် ချောင်ပိတ်ရိုက်၊ မျှော်လင့်ချက်တဆုံးမဲ့အောင် ဇာတ်ဆောင်တွေက ဇွတ်တိုးဝင်နေကြသလားအောင့်မေ့ရတယ်။ ကြည့်ရတာ ဒီရုပ်ရှင်ယူရိုက်တဲ့ ၀တ္တုဆရာ Sapphire က ကျနော်တို့ဆီက မိုးမိုး ( အင်းလျား ) တို့ ၊ ဂျူးတို့ နဲ့ ဂိုဏ်းတူပုံရတယ်။ :P

ကြည့်ဗျာ။ ၁၆ နှစ်ကလေးမ၊ အဖေကကော အမေကကော လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်အကြမ်းဖက်တယ်။ အဖေရင်းကိုယ်တိုင်ကြောင့်ကို ကိုယ်ဝန်ရလို့ ကျောင်းကထုတ်ခံရတယ်။ ဒါ့အပြင် တခြား အဖြစ်ဆိုးတော်တော်များများထပ်ဖြစ်သေးတယ်။ ( အဲ့ဒါတွေတော့ ပြောပြတော့ဘူးနော်။ ကိုယ့်ဟာကိုယ်ကြည့်ရင် မုဒပျက်မှာစိုးလို့ :P ) ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာဆိုသလိုပေါ့။ ဇာတ်ကအင်မတန်နာတယ်လို့ ပြောလို့ရတယ်။ ဒါပေတဲ့ ဒါကို လွန်လွန်းတယ်လို့ ခင်ဗျားတို့ တွေးမိရင် ဒါဟာ ရုပ်ရှင်ဆရာတွေက Precious ဟာ ကျနော်တို့ လူ့အဖွဲ့အစည်း ရဲ့ ပြယုဂ်တစ်ခုအဖြစ် တင်ဆက်လိုက်တာဆိုတာမမေ့ပါနဲ့။

မုဒိမ်းမှု၊ ကိုယ့်သွေးသားကို နှိပ်စက်မှု၊ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားအသုံးအနှုန်း နဲ့ ကာယကံမြောက် စော်ကားနှိပ်စက်မှု စတဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကအကြောင်းတွေပဲ စုပြုံလိုက်တဲ့အခါ ကောင်းသထက်ကောင်းတဲ့ အချက်တစ်ချို့ကို တွေ့လာနိုင်တယ်လေ။ Precious ဟာ ငြိမ်ခံမနေဘူး။ ရုန်းထွက်နိုင်ဖို့ အမြဲတစ်ခုခုကြိုးစားတယ်။ သင့်တော်တဲ့ အကူအညီကို ရအောင်ရှာတယ်။ ကိုယ့်ဘဝကိုယ်နားလည်တယ်။ အမြဲတမ်း အမှောင်ကမ္ဘာကနေ ရုန်းထွက်နိုင်ဖို့ တိုက်ခိုက်နေတယ်။




Mo’Nique က Precious ရဲ့ မုန်းစရာကောင်းတဲ့ အမေနေရာကနေ သရုပ်ဆောင်ထားတာ။ သူက အရင်က ခပ်ပေါပေါဟာသကားတွေမှာ သရုပ်ဆောင်နေရာကနေ ဒီကားလည်းကျရော သူ့ပညာစွမ်းပြတော့တာပဲ။ ဒီကားမှာ သူက လူတိုင်း ရာနှုံးပြည့်မုန်းအောင် သရုပ်ဆောင်နိုင်ခဲ့တယ်။ ရွှေဘတို့ခေတ်က လူကြမ်းများ အပြင်မှာလည်း မုန်းခံရသလိုပေါ့။ အဲ့သလိုကိုအောင်မြင်တာ။ ဇာတ်လမ်းကောင်း၊ ဇာတ်ညွှန်းကောင်းတာ ဟုတ်တယ်။ ဒါပေမယ့် Mo’Nique က ဇာတ်ကောင်ကို ဇာတ်ဆောင်မနေဘဲ တကယ့်ဘဝထဲကို ယူလာတယ်။ တကယ့်ကို ပီပြင်လွန်းလို့။ ဒီကားလည်း ကြည့်ပြီးရော Mo’Nique က တကယ့်ကို Oscar ထိုက်ထိုက်တန်တန်ရခဲ့တာပဲလို့ ခင်ဗျားတို့လည်း ထောက်ခံမိကြလိမ့်မယ်ထင်တယ်။


Precious အဖြစ်သရုပ်ဆောင်တဲ့ ကလေးမအတွက် ဒီဇာတ်ကားက သူ့ရဲ့ ပထမဆုံး သရုပ်ဆောင်တဲ့ဇာတ်ကားပဲ။ ဒါကြောင့် သူ့သရုပ်ဆောင်မှုကို ကြည့်ရင် ရှက်သလိုရွံ့သလို တစ်ခါတစ်ခါ ဖြစ်ဖြစ်နေတာတွေ့ရတယ်။ အဆိုကျော် Mariah Carey က ဒီဇာတ်ကားမှာ Social Worker နေရာကနေ ဇာတ်ပို့သရုပ်ဆောင်ထားတာလည်း ပီပြင်တယ်။ မည်သို့ပင်ဆိုစေကာမူ Mo’Nique ရဲ့ သရုပ်ဆောင်မှုနဲ့ ဇာတ်လမ်းက ကြည့်ဖို့ ထိုက်တန်တဲ့ ကားတစ်ကောင်းဖြစ်တယ်ဆိုတာပါပဲ။




Note

 

Director: Lee Daniels

Writers: Geoffrey Fletcher (screenplay), Sapphire (novel)

Stars: Gabourey Sidibe, Mo'Nique and Paula Patton

 


No comments:

Post a Comment