Pages

Subscribe:

Monday, March 11, 2013

ကျနော်ချစ်သော စက်ရုပ်များ

ပြီးခဲ့တဲ့ရက်က Robot and Frank ကိုကြည့်ပြီး သဘောကျတာနဲ့ တန်းရေးပြီးတင်ပေးလိုက်တယ်။ အဲ့ဒီဇာတ်ကားကြည့်ပြီး ကျနော်ကြည့်ခဲ့ဖူးတဲ့၊ ကျနော်အမှတ်ရနေတဲ့ ရုပ်ရှင်ထဲက စက်ရုပ်တွေအကြောင်း ပြန်တွေးမိသွားတာနဲ့ ကျနော်ကြည့်ခဲ့သမျှထဲမှာမှ အမှတ်အရဆုံး၊ အချစ်ဆုံး ရုပ်ရှင်ထဲမှ စက်ရုပ်တွေအကြောင်း တင်ပြပေးလိုက်ပါတယ်။


၁။ ပထမဆုံးမှတ်ဉာဏ်ထဲမှာ စပြီးမှတ်မိတဲ့ စက်ရုပ်ကတော့ 1977 ကထွက်ရှိခဲ့တဲ့ Star Wars ကားထဲက စက်ရုပ်နှစ်ရုပ်ပဲဖြစ်ပါတယ်။ သူတို့ရဲ့သခင်တွေကို အင်မတန်သစ္စာရှိလှတဲ့၊ သူတို့သခင်တွေနဲ့ ကွဲကွာခဲ့ရတဲ့ ဒီစက်ရုပ်နှစ်ရုပ်ကိုတော့ Star Wars ကြည့်ဖူးတဲ့ ပရိသတ်တိုင်း အမှတ်ရနေမှာပါ။ သူတို့ကတော့ R2-D2 နဲ့ C-3PO တို့ပဲဖြစ်ပါတယ်။
 
၂။ နောက် စက်ရုပ်ရဲ။ ကလေးဘဝက အသေကြိုက်တဲ့ ဇာတ်ကားပေါ့ဗျာ။ Detroit က နယ်မြေရဲတစ်ယောက် မတော်တဆမှုနဲ့ သေသွားတဲ့အခါမှာ သူ့ကို မှုခင်းစုံထောက်နှိမ်နှင်းရေး စက်ရုပ်အဖြစ် ပြန်လည်တီထွင် အသက်သွင်းလိုက်တဲ့အကြောင်းပေါ့။၁၉၈၇ မှာ ထွက်တဲ့ကား။

  

၃။  အရည်ပျော် သံမဏိစက်ရုပ်ကားတွေနဲ့ အာနိုးကြီးကို အသေကြွေနေတဲ့အချိန် ၁၉၉၀ တုန်းက ထွက်ခဲ့တဲ့ Total Recall ကားထဲက စက်ရုပ်တွေကို သဘောကျမိသေးတယ်။ အဲ့ဒီကားထဲမှာ တက္ကစီဒါရိုင်ဘာတွေနေရာမှာ လူတွေက ကားမမောင်းဘဲ Johnny Cabs ဆိုတဲ့ စက်ရုပ်တွေကမောင်းတာ။ အာနိုးကြီးက စိတ်မရှည်လို့ တစ်ကောင်ကို ဖျက်ပစ်လိုက်သေးတယ်။
 
  

၄။ အော်စတင်ပါ၀ါကားတွေက ဘယ်ကတည်းကထွက်မှန်းတော့မသိဘူး။ နည်းနည်းကြီးလာမှ ကြည့်ရတာ။ သူက Adult ခန်းတွေပါတတ်တာကိုး။ အဲ့ဒီတုန်းက ဘီယွန့်စေးလ်ဆိုတာ မည်းမည်းတုံးတုံးလေးနဲ့ ၀င်သရုပ်ဆောင်ထားသေး။ သူတို့ရဲ့ ရင်အုံကနေ စက်သေနတ်တွေထုတ်ပြီး ပစ်တဲ့ စက်ရုပ်တွေလေ။





၅။  ၂၀၀၄ မှာထွက်တဲ့ ကျနော့်အသည်းကျော်လူမည်းမင်းသား Will Smith ရဲ့ကား။ Will Smith က စက်ရုပ်တွေကို မုန်းတီးတဲ့ စုံထောက်။ သူ့ရဲ့ တီထွင်သူကို သတ်တဲ့အမှုနဲ့ စက်ရုပ်တစ်ရုပ်ကို စုံစမ်းရတဲ့ ဇာတ်လမ်း။

၆။ ၂၀၀၇ မှာထွက်လာတဲ့ Transformer ကားကလည်း ကားတွေ၊ တခြားယာဉ်တွေအဖြစ်ပြောင်းလည်းနိုင်တဲ့ ဂြိုဟ်သားစက်ရုပ်တွေအကြောင်း ရိုက်ထားတာ အင်မတန်မိုက်ကိုး။ Autobot လူကောင်းစက်ရုပ်တွေနဲ့ လူဆိုး Decepticon တွေ တိုက်ကြတာ။ 


၇။  ၂၀၀၈ ခုနှစ်၊ Disney အောက်ကနေ ကျနော့်အသည်းကျော် Pixar ကထုတ်တဲ့ ကာတွန်းကားထဲက စက်ရုပ်လေးတွေ။ ပါသမျှ စက်ရုပ်တွေအကုန်သဘောကျပါရဲ့။ သဘောအကျဆုံးကတော့ အမှိုက်ကျုံးစက်ရုပ်လေး Wall-E ပေါ့ဗျာ။

၈။ ၂၀၁၁ မှာ ထွက်တဲ့ကား။ ငယ်တုန်းကကြည့်ဖူးတဲ့ စတားလုံးရဲ့ Rocky ကားကို အနာဂတဝါဒီပုံစံပြန်ရိုက်ထားသလိုဘဲ။ Hugh Jackman က စက်ရုပ်ကို လက်ဝှေ့သင်ပေးတဲ့ဆရာအဖြစ် သရုပ်ဆောင်တယ်။ 



 ၉။ ဒါကတော့ တလောလေးမှ ကြည့်ပြီး ကြိုက်သွားတဲ့ကား။ ၂၀၁၃ ထွက်။ Frank ဆိုတဲ့ အငြိမး်စား ဖောက်ထွင်းသူခိုးကြီးနဲ့ သူ့စိတ်ကျန်းမာရေးအတွက် အဖော်ပြုနေတဲ့ စက်ရုပ်အကြောင်း။



ကဲ ခင်ဗျားတို့ကော ဘယ်စက်ရုပ်တွေကြိုက်သလည်း။ 


Saturday, March 9, 2013

Robot and Frank (2013)


MTV တွေ၊ Absolut Vodka တို့ Verizon တို့ အတွက် ကြော်ငြာတွေ ပင်တိုင်ရိုက်ကူးပေးခဲ့တဲ့ Schreier ဟာ သူရဲ့ ပထမဦးဆုံးသော ရုပ်ရှင်အဖြစ် Robot and Frank ကို ရိုက်ကူးတင်ဆက်လိုက်ပါပြီ။ ဒီရုပ်ရှင်ကို ဘတ်ဂျက် ဒေါ်လာ၂.၅ သန််း သာအသုံးပြုပြီး ရက်နှစ်ဆယ်အတွင်းရိုက်ကူးခဲ့တာပါ။


ဇာတ်လမ်းကတော့ အငြိမ်းစားယူထားတဲ့ ပရော်ဖက်ရှင်နယ်သူခိုးကြီးတစ်ယောက်နဲ့ စက်ရုပ်တစ်ရုပ်အကြားက သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးအကြောင်းပါ။ သူခိုးဟောင်းကြီးနာမည်က ဖရန့်။ သူက နယူးယောက် upstate မှာ တစ်ယောက်ထဲ အထီးကျန်နေထိုင်နေပြီး တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ မှတ်ဉာဏ်နဲ့အတူ သူငယ်ပြန်စပြုနေတဲ့ အဖိုးကြီးဖြစ်တယ်။


သူ့သား ဟံသာဟာ သူ့မိသားစုဘဝ၊ သူ့အလုပ်နဲ့သူရှုပ်နေပေတဲ့ တစ်ကိုယ်တည်းအဖေကြီးကို တစ်ပါတ်တစ်ခါလာတွေ့လေ့ရှိတယ်။ သူ့အဖေကို အမြဲမပြတ် သူကိုယ်တိုင်စောင့်ရှောက်ချင်ပေမယ့် မစောင့်ရှောက်နိုင်တဲ့အတွက် ဟံသာဟာ သူ့အဖေအတွက် နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာကို ချမှတ်ပေးနိုင်တဲ့၊ သူ့အဖေရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်လာအောင် ပြုစုစောင့်ရှောက်ပေးဖို့အတွက် ပရိုဂရမ်ရေးဆွဲထားတဲ့ အဖော်မွန်စက်ရုပ်တစ်ရုပ်ကို ၀ယ်ပြီးလက်ဆောင်ပေးလိုက်တယ်။

ဒါပေတဲ့ အဲ့ဒီစက်ရုပ်မှာ ဥပဒေအရ တရားဝင်ခြင်းမဝင်ခြင်း၊ အပြစ်ဖြစ်ခြင်းမဖြစ်ခြင်းစသ၍ ဥပေဒေနဲ့ ပတ်သက်သမျှ ပရိုဂရမ်ထည့်သွင်းထားခြင်းမရှိတာကို ဖရန့်သတိထားမိသွားတဲ့အချိန်မှာတော့ ဖရန့်ဟာ သူ့အဖော်စက်ရုပ်ကို သူ့ရဲ့ ၀ါသနာဗီဇအာသီသဖြစ်တဲ့ ဖောက်ထွင်းခိုးယူခြင်းမှာ ပါတနာအဖြစ်အသုံးချနိုင်ဖို့ သင်ကြားလေ့ကျင့်ပေးတော့တယ်။


သူတို့ဒေသမှာ ပုံနှိပ်မီဒီယာကို တဖြည်းဖြည်းချင်းစွန့်ပယ်လာရာကနေ နိုးထတက်ကြွလာတဲ့ ခေတ်လူငယ်တွေက စာကြည့်တိုက်ကြီးကို Community Center ကြီးအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေကြတုန်းမှာပဲ အဲ့ဒီစာကြည့်တိုက်ကို ပုံမှန်လာလေ့ရှိတဲ့ ဖရန့်က စာကြည့်တိုက်မှုုးအတွက် ဒွန်ကီဟိုးတေးဝတ္တုပထမဆုံးထုတ်စာအုပ်တွေထဲက ကော်ပီတစ်အုပ်ကို စက်ရုပ်နဲ့ပေါင်းပြီး ခိုးတယ်။

ဖရန့်ရဲ့သမီး မက်ဒီဆင်ဟာ စက်ရုပ်ဆန့်ကျင်ရေးပရဟိတလုပ်ငန်းတွေအတွက် တာ့ခ်မင်နစ္စတန်ကို ခရီးထွက်နေရာကနေ ဖရန့်နဲ့စက်ရုပ်အကြောင်းကို ကြားတာနဲ့ သူ့အဖေဆီကို အမြန်ပြန်လာခဲ့တယ်။ ဖရန့်က စက်ရုပ်ရဲ့ရှိနေမှုအတွက် အနှောင့်အယှက်မဖြစ်တော့တဲ့အပြင် စက်ရုပ်နဲ့နေသားကျနေပြီ။ ဖရန့်နဲ့စက်ရုပ်ဟာ နောက်ဆုံးခိုးခြင်းအနေနဲ့ စာကြည့်တိုက်ပြုပြင်ပြောင်းလည်းရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဂျိတ်ဆီကနေ အဖိုးတန်ကျောက်မျက်ရတနာတွေ ခိုးယူမလို့ပြင်ဆင်နေကြတယ်။ ရဲတွေပါ ဒီရတနာပျောက်မှုမှာ ပါ၀င်လာတဲ့အခါမှာတော့ ဖရန့်ဟာ တစ်ခုတည်းကျန်ရှိတဲ့ သက်သေအထောက်အထားဖြစ်တဲ့ စက်ရုပ်ရဲ့ မှတ်ဉာဏ်ကို ဖြတ်ပစ်မှဘဲ အမှုကလွတ်နိုင်တော့မှာဖြစ်တယ်။


ဖရန့် စာကြည့်တိုက်ကို ပြန်ရောက်သွားချိန်မှာတော့ စာကြည့်တိုက်မုှုးဟာ သူနဲ့ ကွာရှင်းခဲ့တဲ့ သူ့ချစ်မိန်းမဟောင်းဖြစ်နေတာကို သူပြန်သတိရသွားတယ်။ သူဟာ အတိတ်မေ့နေခဲ့တာ။ သူအိမ်ကိုပြန်လာတဲ့အချိန်မှာတော့ စက်ရုပ်က သူဟာ ငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်မဟုတ်။ သူရဲ့တည်ရှိနေရခြင်း အကြောင်းကလည်း ဖရန့်ကို ကူညီပေးရန်သာဖြစ်ကြောင်းဖြောင်းဖျပြီး သူ့ဟိုလိုဂရပ်ဖစ်မှတ်ဉာဏ်ကို ဖျက်ဆီးပစ်ဖို့ ဖရန့်ကို တိုက်တွန်းတယ်။

ပျောက်ဆုံးသွားတဲ့ ရတနာတွေကို ဘယ်မှာမှ ရှာဖွေမတွေ့ရှိခဲ့ပါဘူး။ ဖရန့် သူ့ရဲ့ စိတ်ရောဂါကို ကုစားဖို့အတွက် စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်ပါတယ်။ စက်ရုပ်ကလေးပျိုးထောင်ခဲ့တဲ့ ခရမ်းချဉ်သီးပင်တွေရဲ့ အောက်မှာတော့…………………………..။  ။


ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်မှာဘဲ သူ့အတတ်ပညာ၊ သူ့အနုပညာကို ပြသနိုင်ခဲ့တဲ့အတွက် Schreier ဟာ ချီးကျူးခြင်းတော်တော်ခံလိုက်ရပါတယ်။ ဒီလိုဘဲ ဖရန့်နေရာမှာသရုပ်ဆောင်တဲ့ မင်းသားကြီး Frank Langella ဟာလည်း သူ့ရဲ့ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ခြောက်ပစ်သဲလှဲကင်းစင်တဲ့  အနုသရုပ်ဆောင်အဖြစ် သမုတ်ခံလိုက်ရပါပြီ။ ၂၀၁၂ မှာကတည်းက ထွက်တာဆိုပေတဲ့ Official Release အရ ၂၀၁၃ ထဲစာရင်းဝင်သွားတဲ့ ဒီဇာတ်ကားဟာ လောလောဆယ်မှာတော့ ၂၀၁၂ Sundance ရုပ်ရှင်ပွဲတော်ကြီးမှာ Alfred.P.Solan ဆုကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ပါတယ်။