ကမ္ဘာပျက်လုပြီ။
ကစဉ့်ကလျား ၀ရုန်းသုန်းကားဖြတ်သန်းကြမယ့်အစား ကမ္ဘာပျက်ချိန်အတွက် အသင့်ဖြစ်အောင် ပြင်ဆင်ထားကြလော့။
ဒီကားက ခက်ခဲတဲ့ဘဝနဲ့ တစ်ခါတစ်လေ သူမရဲ့ ဘဝင်ကမ္ဘာလေးထဲထွက်ပြေးလေ့ရှိတဲ့ ကလေးမလေးတစ်ယောက်အကြောင်း။ သူ့နာမည်က Hushpuppy တဲ့။ ဒူးလောက်ထိ ရေမြုပ်နေတဲ့ Bathtub ဆိုတဲ့ မြို့လေးမှာနေတယ်။ သူ့အဖေ Wink ကသူ့အတွက် စံပြပုဂ္ဂိုဟ်။ ဒါပေတဲ့ Wink ဟာ အရက်စွဲနေတဲ့သူ။ အလုပ်မရှိအကိုင်မရှိ။ အရှုံးသမား။ သူက သူ့ရဲ့ အချီးနှီးမှုကို Hushpuppy အပေါ်ပုံချလေ့ရှိတယ်။ အချိန်တိုင်းလိုလို Hushpuppy ကို ချုပ်ကိုင်ချင်တယ်။ ဒါပေမယ့် ကံကောင်းချင်တော့ Hushpuppy လေးကလည်း ကိုယ့်ဘဝကိုကိုယ်ထိန်းကျောင်းနိုင်လောက်အောင် စိတ်စွမး်ရည်မြင့်တဲ့ကလေးမ။ ဇာတ်ကားထဲက အရွယ်အရဆို ခြောက်နှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်။ သူမမှာ သူမကိုယ်ပိုင် ဘဝအမြင်ရှိတယ်။ သူမဘာသာသူမ နေထိုင်တတ်တယ်။ သူ့အဖေက ခက်ခဲကြမ်းတမ်းတဲ့ ဘဝမှာ နေနိုင်ဖို့ Hushpuppy ကို သန်မာနေအောင် အမြဲလေ့ကျင့်ပေးလေ့ရှိတယ်။
ဒီဇာတ်ကားကို သဘောကျတဲ့အချက်တစ်ချက်က ကမ္ဘာပျက်လုချိန်မှာ လူကြီးတွေက ရူးသွပ်မိုက်မဲ အားကိုးမရပြုမှုနေကြပေတဲ့ မျိုးဆက်သစ်ကလေးတွေကတော့ ဒါကို လက်ခံရင်ဆိုင်ကြိုးစားလိုစိတ် ထက်သန်မှုရှိနေတာကို ပြတဲ့အချက်ပဲ။ ကမ္ဘာလောကကြီးကို အော်ပလိုက်တယ်။ ( အားအားရှိ လောကကြီးကဘာဖြစ်တယ် ကံကိုကညာဖြစ်တယ်နဲ့ လောကနဲ့ ကံကိုလောက် အပြစ်တင်ပုံချ ရှောင်ပြေး တာဝန်မယူချင်ကြတဲ့ လူကြီးတွေကို မျိုးဆက်သစ်တွေက မာန်ဖီပြလိုက်တဲ့ အသံဖြစ်တယ်။ ) သူတို့ဟာ အကျိုးတရားရဲ့ အကြောင်းတရားကို မြင်ကြတယ်။
Hushpuppy လေးဟာ ယောက်ယက်ခတ်နေတဲ့ ကမ္ဘာလောက သဘာဝကိုသာ ရင်ဆိုင်ရသာမဟုတ်ဘူး။ သူ့ရဲ့ အားကိုးမရတဲ့ မိဘတွေနဲ့လည်း ရင်ဆိုင်ရတယ်။( သားသမီးမကောင်း မိဘခေါင်းဆိုတဲ့စကားသာ ရှိခဲ့တဲ့ ကျနော်တို့ လူမှုအသိုင်းအဝိုင်းအတွက် မိဘမကောင်း သားသမီးခေါင်းဆိုတာလည်း ရှိကြောင်း ) Wink က ကလေးကို ဂရုမစိုက်ဘူး။ မစောင့်ရှောက်ဘူး။ ဇာတ်ကားတစ်လျှောက်လုံး လောကကို တစ်ယောက်တည်း အပြစ်တင်ဖို့ ကြိုးစားနေတဲ့သူ။ ဇာတ်ကားတစ်နေရာမှာ Hushpuppy လေးဟာ သူ့အဖေဆီကနေ ထွက်ပြေးတယ်။ ချစ်ဖွယ်သော မိဘ၊ မိဘပီသသော မိဘရှိတဲ့ ကလေးတွေဟာ ချစ်တတ်တယ်။ မြတ်နိုးတတ်တယ်။ နာခံတတ်တယ်။ ဒါမှမဟုတ် မိဘက မိဘမပီသရင်တော့ ကလေးတွေမှာ အဲ့ဒီမိဘတွေဆီက ထွက်ပြေးခွင့် ( Rights ) ရှိတယ်လို့ ကျနော်ကတော့ ယုံကြည်လက်ခံပါတယ်။ ( အထူးသဖြင့် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကလေးကို abuse လုပ်တဲ့ မိဘတွေကို ဆိုလိုပါတယ်။ )
အနှစ်ချုပ်ဆိုရရင်ဖြင့် Beasts of the Southern Wild ဟာ ရိုးရှင်းလှပ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Hushpuppy လေးဟာ ကြမ်းတမ်းခက်ရော်တဲ့ အရာတွေအလယ်မှာ နေထိုင်နေရပေတဲ့ အဲ့ဒီအရာတွေကြားမှာလည်း အလှတရားဟာ ရှိလို့နေပါတယ်။
0 comments:
Post a Comment