Pages

Subscribe:

Thursday, January 24, 2013

Frankenweenie (2012)


ကျနော်က ကာတွန်းဆွဲရတာ ၀ါသနာပါသလို ကာတွန်းကားတွေကြည့်ရတာလည်း အတော်သဘောကျတယ်။ ကာတွန်းကားမှာမှ ကျနော်က Tim Burton ပရိသတ်ခင်ဗျ။ သူ့ကားတွေဆို တော်တော်များများကြည့်ဖူးတယ်။ ကြည့်သလောက်လည်း ကြိုက်တာပဲ။ အရင်တုန်းက ဖေ့ဘုတ် Religion မှာ Tim Burton is God လို့ကိုပြောင်းထားတာ။

တလောလေးကမှ သူ့ကား Frankenweenie ကိုကြည့်မိတယ်။ ထွက်တာက ၂၀၁၂ ကတည်းကဆိုပေတဲ့ ကျနော်က တလောကမှ ကြည့်ဖြစ်တာပါ။ ဒါနဲ့ ဇာတ်ကားလေးကြည့်ပြီး သဘောကျတာနဲ့ Popcorn ပရိသတ်ကို ဝေမျှမယ်ဆိုပြီး အင်တာနက်မှာ ရှာဖွေဖတ်ကြည့်တာမှာ ရယ်စရာကောင်းတဲ့အချက်လေးတစ်ခုသွားတွေ့တယ်။ ၁၉၈၄ ခုနှစ်တုန်းက သူ့ Short film လေးတစ်ခုကြောင့် Tim Burton ဟာ Disney ကနေ ကစ်ခံရတယ်။ အဲ့ဒီ Short film က Frankenweenie တဲ့။ ကဲ ဘယ်လောက်များရယ်ဖို့ကောင်းတဲ့ လောက လည်း။ ခု ၂၀၁၂ မှာ Tim Burton က Frankenweenie ကို ပြန်ရိုက်တော့ ထုတ်ပေးတဲ့ ကန်ပနီက Disney တဲ့ဗျာ။


မူရင္း Short film Poster


အဲ့ဒီတုန်းက Disney ကထုတ်တဲ့ ကာတွန်းကားတော်တော်များများမှာ Conceptual artist အဖြစ် ပါ၀င်ခဲ့တဲ့ ဒါရိုက်တာပေါက်စကလေး Tim Burton ရဲ့ဘဝ။ အစက Disney က Frankenweenie Short film ကိုခေါက်ထားခဲ့ပေမယ့် Tim Burton က ၁၉၈၅ မှာ Pee Wee’s Big Adventure ကားနဲ့ ၁၉၈၈ မှာ Beetlejuice ကားတွေနဲ့ တအားပေါက်သွားတဲ့အခါမှာတော့ ကာတွန်း Studio လေးတွေ၊ ပညာရှင်တွေအပေါ်မှာ အရင်းရှင် ဂုတ်သွေးစုတ်တဲ့ ကန်ပနီအဖြစ်ပြောင်းလာတဲ့၊ ကျနော်တို့ချစ်တဲ့ Walt Disney ရဲ့ Disney မဟုတ်တော့တဲ့ Disney ကန်ပနီဟာ Tim Burton ရဲ့ အောင်မြင်မှုပေါ်မှာ ၀င်ငွေရှာဖို့ ကြိုးစားတော့တာပဲ။ အဲ့ဒီတုန်းက Frankenweenie Short film လေးကို ကြည့်ချင်ရင်ဖြင့် ၁၉၉၃ တုန်းက ထုတ်တဲ့ Tim Burton ရဲ့ ပေါက်ကားတစ်ကားဖြစ်တဲ့ Nightmare Before Christmas ကား Original DVD မှာ Extra အဖြစ် ထည့်ပေးထားပါတယ်။ ၁၉၈၂ ထုတ် Vincent ဆိုတဲ့ ကာတွန်း DVD မှာလည်း ပါတယ်လို့ ကြားဖူးပေမယ့် အဲ့ဒီ Vincent ဆိုတဲ့ကားကိုတောင် ကျနော်ခုထိ မကြည့်ဖူးသေးလို့ပါ။



Frankenweenie ဇာတ်ကားက တီထွင်ဉာဏ်ရှိတဲ့ Victor ဆိုတဲ့ ကလေးလေးရဲ့ပုံပြင်ပါ။ သူဟာ အမြဲတမ်း စူးစမ်းလေ့လာလိုစိတ်ရှိပြီး အမြဲလိုလို မေးခွန်းတွေမေးတတ်တဲ့၊ အမြဲလိုလို တစ်ခုမဟုတ်တစ်ခု တီထွင်စမ်းသပ်နေတတ်တဲ့ ကလေးလေး။ သူဟာ သူ့ခွေးကလေး Sparky ကို ဇာတ်ဆောင်ထားပြီး ရုပ်ရှင်တိုကလေးတွေထွင်ရိုက်ရတာမှာ ပျော်မွေ့နေတဲ့ ကလေးလေးပေါ့။ တစ်နေ့ သူနဲ့ ခွေးကလေး Sparky တို့ ဘောလုံးကစားနေတုန်း ကံဆိုးလှစွာပဲ ခွေးကလေးဟာ ကားတိုက်ခံရပြီး သေသွားတယ်။ ယူကျုံးမရ ၀မ်းနည်းနေတဲ့ Victor ကလေးဟာ Sparky သေသွားပြီဆိုတာကို ဘယ်လိုမှ လက်သင့်ခံလို့မရဖြစ်နေတာပေါ့။ ဒါကြောင့် Frankenstein လိုမျိုး သူ့ခွေးကလေးကို ပြန်အသက်သွင်းဖို့ သူကျောင်းမှာ လေ့လာခဲ့ရတဲ့ သိပ္ပံစမ်းသပ်မှုတစ်ခုကို အသည်းအသန် လေ့လာကြိုးစားတော့တာပေါ့။ နောက်ဆုံးမှာတော့ သူ့ရဲ့ စမ်းသပ်ချက် အောင်မြင်သွားတယ်။ ခွေးကလေး အသက်ပြန်ရှင်လာတယ်။ သူ့ခွေးကို သေရာကနေ အသက်ပြန်သွင်းထားတယ်ဆိုတဲ့ အချက်ကို သူ့မိသားစု၊ သူ့သူငယ်ချင်းတွေကို သူရေရှည်ဖုံးကွယ်ထားနိုင်ပါ့မလား။

Tim Burton on set
ကာတွန်းကားတစ်ကားကိုကြည့်လိုက်ရော။ စာတန်းတောင်ထိုးစရာမလိုပါဘူး။ ဟာ ဒါ Tim Burton ကားပဲလို့ Tim Burton ကားတွေ ကြည့်ဖူးသူတိုင်း တန်းသိတာပဲ။ အဲ့ဒါဘာကြောင့်လည်းသိလား။ ကျနော့်အမြင်တော့ Tim Burton ဇာတ်ကားတော်တော်များများဟာ အလှတရား ပါတယ်။ Gothic စတိုင်လ်တွေ အမြဲသုံးတယ်။ လောကမှာ တကယ်မရှိတဲ့အရာတွေ၊ အံ့မခန်းစိတ်ကူးတရားနဲ့ ဖန်တီးမှုတွေက သူများနဲ့ မတူ၊ တမူထူးခြားတဲ့ ကိုယ်ပိုင်ဟန်ရှိတယ်။ ဇာတ်ကားတိုင်းမှာ မိုက်မဲပြီး စဉ်းစားဉာဏ်ကင်းမဲ့တဲ့ လစ်လျူရှုမှုတွေ၊ အသိပညာ ( ဉာဏ် ) ရဲ့ အရေးကြီးမှုတွေကို ဖော်ကျူးလေ့ရှိတယ်။ Frankenweenie ဇာတ်ကားမှာ ထည့်ထားတဲ့ ကျောင်းက သိပ္ပံသင်တဲ့ အခန်းကဏ္ဍဟာ အရေးပါတယ်။ ကျနော့်အနေနဲ့ မြန်မာပြည်က ကျောင်းဆရာ ဆရာမ တိုင်း Tim Burton ဇာတ်ကားတွေ ကြည့်စေချင်တယ်။ ကဲ Tim Burton ကတော့ သေခြင်းတရားဆိုတာ လက်သင့်ခံရမယ့် သဘာဝတရားတစ်ခုပါပဲလို့ ဆိုနေပြီ။ သင်တို့ကော လက်သင့်ခံနိုင်ပြီလား။

 ( Popcorn ဘယ်ဖက် sidebar မှာ Join This Site ကို နှိပ်ပြီး Member ၀င်နိုင်ပါတယ်။ )



Note

Director : Tim Burton
Writers:  Leonard Ripps (based on a screenplay by), Tim Burton (based on an original idea by) 







2 comments: