Pages

Subscribe:

Wednesday, February 13, 2013

The Hobbit: An Unexpected Journey ( 2012 )





Hello LOTR fans!
LOTR မှာ ချစ်တဲ့ Gandalf ကြီးကရုပ်တည်ကြီးနဲ့ စကားတွေအများကြီးပြောတယ်။ ပြီးရင် အင်မတန်မှတ်သားဖွယ်ကောင်းတဲ့အဆိုအမိန့်ပြောတယ်။ ဘာလည်းသိလား။

RUN, you fools!!!!!!!! :P

LOTR ( The Lord of the Rings ) ဇာတ်လမ်းတွဲတွေနဲ့ ကျနော်တို့ အလယ်ခေတ်ကမ္ဘာကြီးဆီ သွားလည်ခဲ့ဖူးကြတာ တော်တော်ကြာပေါ့နော့။ ကဲ ခု The Hobbit: An Unexpected Journey ဆိုတဲ့ ဇာတ်ကားနဲ့ တစ်ချိန်က ကျနော်တို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးဆီပြန်အလည်သွားကြစို့ရဲ့။ ဒီကားက LOTR ဇာတ်ကားစီးရီးတွေကို ထုတ်လုပ်တဲ့သူတွေကပဲ ထုတ်လုပ်တာ။ ဇာတ်လမ်းဇာတ်ညွှန်းဆရာတွေကလည်းတူတူပဲ။ ဟုတ်ကဲ့။ ရိုက်ကူးတဲ့သူကလည်း ကျနော်တို့ ဆရာကြီး Peter Jackson ပါပဲခင်ဗျာ။ Peter Jackson က LOTR စီးရီးနဲ့ တော်တော်အကျိုးပေးကောင်းခဲ့တဲ့သူ။ အကယ်ဒမီတွေလည်း အများကြီးရ။ နာမည်လည်း ကြီးခဲ့တာပေါ့။ LOTR စီးရီးတွေ မကြည့်ခဲ့ဖူးတွေအတွက်လည်း ဒီတစ်ကားထဲကြည့်ယုံနဲ့ နားလည်နိုင်ပါတယ်။ ခုမှ ဒီကားကို စကြည့်မိတဲ့သူတွေအတွက်လည်း LOTR သုံးကားကို ပြန်ရှာကြည့်ချင်စိတ်ပေါက်သွားတာပေါ့ခင်ဗျာ။

The Hobbit: An Unexpected Journey ဇာတ်ကားက LOTR ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့ The Fellowship of the Ring ( 2001 ) ရဲ့ နိဒါန်းလို့ပြောလို့လည်းရတယ်။ “The One Ring” လို့ခေါ်တဲ့ လက်စွပ်အားလုံးကို ထိန်းချုပ်နိုင်တဲ့၊ လက်စွပ်အားလုံးရဲ့ အရှင်သခင်လက်စွပ်ကို ဟော့ဘစ်လေး Bilbo Baggins ဘယ်ကဘယ်လိုရရှိခဲ့တာလည်းဆိုတဲ့ ဇာတ်လမ်းဖြစ်တယ်။ LOTR ထဲမှာ လက်စွပ်ရရှိခဲ့ပုံကို အခန်းငယ်တစ်ဖြတ်အနေနဲ့ ရိုက်ပြထားပါတယ်။ ဒါကတော့ ဇာတ်လမ်းအကျယ်ပေါ့။ Bilbo ရဲ့ စွန့်စားမှုခရီးကြမ်းအကြောင်း။


LOTR မှာလိုပဲ ပြဿနာကို စသယ်လာတဲ့သူကတော့ ကျနော်တို့ အချစ်တော် မှော်ဆရာကြီး Gandalf ပဲ။ ပျက်သုန်းသွားတဲ့ Erebor ဆိုတဲ့ နိုင်ငံတော်နားမှာ ပျောက်ဆုံးနေတဲ့ ရွှေသိုက်တစ်ခုကို ရှာဖွေဖို့  စွန့်စားခန်းဖွင့်မယ့် ခရီးမှာ သူနဲ့အတူတူလိုက်ပါဖို့ Bilbo ကို လာခေါ်တာကိုး။ ဒါပေမယ့် သူတို့ သေချာမသိတာက ရွှေသိုက်ရှိတဲ့ မြို့တော်ဟောင်းကြီးမှာ Smaug ဆိုတဲ့ မီးနဂါးကြီးတစ်ကောင် ပိတ်ကျန်ခဲ့တယ်ဆိုတာပဲ။ သူ့ဟာသူ pipe-weed လေးရှုုလိုက်၊ အစားအသောက်ကောင်းတွေမှာပျော်မွေ့လိုက်၊ စာလေးဘာလေးရေးလိုက်၊ ညဆို ဘီယာလေးသောက်လိုက်နဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းနေတဲ့ သူ့ဘဝကိုပစ်ပြီး ဘယ်ကမှန်းမသိတဲ့ ဂျပု ဆယ့်သုံးကောင်ကိုကူပြီး သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ နိုင်ငံတော်ကို ပြန်ရှာဖွေဖို့နဲ့ မသေချာမရေရာတဲ့ ရွှေသိုက်ကိုရှာတဲ့ Gandalf ကို ကူဖို့ Bilbo ဘယ်လိုများ ဆုံးဖြတ်နိုင်ပါ့မလည်း။



ကျနော် ဒီဇာတ်ကားတွေကို ချစ်မြတ်နိုးရခြင်းကတော့ နေချင်စရာကောင်းလှတဲ့ Tolkien ကမ္ဘာတွေကို ဒါရိုက်တာကြီးက ကျနော်တို့ဘဝထဲ ယူလာလို့ပါပဲ။ ပါတီတွေပေး၊ သောက်စားပျော်ပါးနေတဲ့ Shire ဆိုတဲ့ Hobbit တွေရဲ့ အရပ်လေးမှာ သွားနေဆို ကျနော်ကတော့ မငြင်းပါဘူး။ ဒီလောက် သာယာလှပ၊ နေချင့်စဖွယ်၊ ပျော်စရာကောင်းတဲ့ အရပ်ကိုး။ တစ်ခုတော့ ရှိတယ်။ Hobbit တွေရဲ့ အိမ်ထဲဝင်ရင် ခေါင်းကို တစ်ခုခုနဲ့ မတိုက်မိအောင် သတိထားရမယ်။ Hobbit တွေရဲ့ အိမ်ထဲမှာ ဇိမ်ခံစရာပစ္စည်းပေါင်းစုံရှိတယ်။ အစားကောင်းအသောက်ကောင်းတွေ သိုလှောင်ထားတဲ့ စတိုရှိတယ်။ ကမ္ဘာ့အကောင်းဆုံး weed တွေရှိတယ်။ Hobbit တွေဟာ ဘဝကို အင်မတန် ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဖြတ်သန်းကြသူတွေဖြစ်တယ်။ အချိန်တိုင်း ပျော်ရွှင်နေတတ်သူတွေဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ ပါတီတွေလုပ်မယ်၊ အစားကောင်းအသောက်ကောင်းတွေဝေမျှမယ်၊ သီချင်းကဗျာတွေ သီကျွေးကခုန်ကြမယ်။နေပါဦး ကျနော်မေးကြည့်ပါရစေ။ ဘဝမှာ ဘာလို့ အပျော်တွေချည်းပဲ မရှိရမှာလည်း။ ဘဝမှာ အပျော်တွေချည်းပဲရှိလို့မရဘူးလား။



ဟုတ်ကဲ့။ အဲ့သလို နေချင့်စဖွယ် ပျော်စဖွယ် သာယာလှပတဲ့ Shire အရပ်ရဲ့ ပတ်ပတ်လည်မှာတော့ ငြိမ်းချမ်းပျော်ရွှင်မှုတွေကို နှောင့်ယှက်ဖျက်ဆီးတတ်တဲ့ ဘီလူးတွေ၊ မှင်စာတွေ၊ အမှောင်အင်အားစုတွေရှိလို့နေပါတယ်။ ဒါဟာ ရုပ်ရှင်ဖန်တီးသူများ ပေးချင်တဲ့ အဓိက Message ဖြစ်မယ်ထင်ပါတယ်။ Bilbo ဟာ သူ့သက်သာဇုံလေးကနေ ချိုးဖောက်ထွက်ပြီး အပြင်က ကမ္ဘာလောကထဲကို ဘာကြောင့်ထွက်ခဲ့ရတာလည်း။ သူဟာ တခြားသူတွေလို ခုခံတွန်းလှန်တတ်တဲ့ Hero လည်းမဟုတ်ပဲနဲ့။ ဒါပေမယ့် သူက သူများတွေ ဘာလည်းဆိုတာ တွေးတဲ့သူမျိုးမဟုတ်ဘူး။ သူဟာ သူများတွေရဲ့ ဒုက္ခသုက္ခကို မျှဝေခံစားဖို့ သင်ယူနိုင်ပါ့မလား။ ဒါဟာ လူတွေသူတို့ရဲ့ သက်သာဇုံထဲကနေ၊ သူတို့ရဲ့ သက်တောင့်သက်သာဖြစ်နေတဲ့ဘဝကနေ မဖြစ်မနေ ချိုးဖောက်ထွက်ရတဲ့အခါတိုင်း တွေးလေ့တွေးထရှိတဲ့ အိုင်ဒီယိုလိုဂျီအဟောင်းကြီးပါ။


ဒီဇာတ်ကားကို ကြည့်ရတာတန်တယ်လို့ ကျနော်ထင်မိစေတာက ဇာတ်ကောင်တွေရဲ့ စရိုက်တွေနဲ့ သူတို့ မှီတင်းနေထိုင်တဲ့ ကမ္ဘာလောကကြီးကြောင့်ပါပဲ။ လူပု ၁၃ ယောက်ရဲ့ ဟာသဉာဏ်၊ အစားအပေါ်လောဘနဲ့ သူတို့ရဲ့ သီချင်းသံတွေက ကျနော့်အတွက်တော့ ချစ်စရာအတော်ကောင်းနေတယ်။ ဒါနဲ့ အွန်လိုင်းမှာကော၊ စာကြည့်တိုက်တွေမှာပါ Tolkien စာအုပ်တွေရှာဖတ်ကြည့်မိစေပါတယ်။ စကားမစပ်ပြောရရင် ထူးဆန်းတဲ့ နယ်မြေကို ဖြတ်သန်းပြီးသွားရတဲ့ ခရီးလမ်းမှာ ကျနော်တို့မမျှော်လင့်ဘဲတွေ့ဆုံဖို့ မျှော်လင့်ထားတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးတွေဟာလည်း fantasy film တွေကို ကျနော်ကြိုက်ရတဲ့အကြောင်းဖြစ်တယ်။ ဒါပေမယ့် စာအုပ်တွေဖတ်ကြည့်ပြီး ခံစားမိတာလေးပြောရဦးမယ်။

Harry Potter စာအုပ်တွေကို အသည်းအသန်ဖတ်ပြီး ရုပ်ရှင်လည်းထွက်လာရော ဆဲတောင်ဆဲမိတယ်။ ရုပ်ရှင်ဆိုတာကလည်း သူ့ပညာနဲ့သူဆိုတော့ စာအုပ်အတိုင်းလိုက်ရိုက်လို့မှလည်း မဖြစ်တာကိုး။ တချို့ စိတ်ကူးယဉ်ဇာတ်ကွက်တွေချဲ့ထွင်ရတယ်။ တစ်ချို့ ဇာတ်ကွက်တွေကို ဖြုတ်တန်ဖြုတ်ရတယ်။ အဲ့ခါ စာအုပ်ဖတ်မိတဲ့ ကျနော့်ကို ကျနော်ပဲ စာအုပ်နဲ့ ရုပ်ရှင်ကို အမြဲလိုက်ယှဉ်ကြည့်မိတဲ့ မျက်လုံးတွေကိုပဲ အပြစ်တင်ရတော့တယ်။ ရုပ်ရှင်သမားတွေဟာ ဇာတ်ကွက်တစ်ကွက်နဲ့ တစ်ကွက်ကို ချိန်းတွေလုပ်ရတယ်။ နောက် ဇာတ်ကားတစ်ကားဆက်ရိုက်ဖို့ မျှော်မှန်းထားတဲ့ ရုပ်ရှင်တွေမှာဆို အဲ့သလို ချိန်းဖို့ ဇာတ်ကွက်တွေ ကြိုဆင်ထားရတယ်။ ခင်ဗျားတို့ကို ၀မ်းသာစရာသတင်းကြိုပေးရမယ်ဆိုရင် The Hobbit: The Desolation of Smug ဆိုတဲ့ ကားကို ရိုက်ပြီးနေပြီ။ သူတို့ဆီမှာ ၂၀၁၃ နွေဆိုရင် စ ရုံတင်တော့မယ်။ နောက် The Hobbit: There and Back Again ဆိုတာကလည်း သိပ်မကြာခင်ကာလမှာပဲ ဆက်ထွက်လာတော့မယ်။ ဒါကြောင့် An Unexpected Journey ကားမှာ လာမယ့်ကားတွေအတွက် အကြို ဆင်ထားတဲ့ ဇာတ်ကွက်တွေ၊ ဇာတ်ဝင်စကားတွေ ခင်ဗျားတို့ ကြားရလိမ့်မယ်။ ကြည့်ရလိမ့်မယ်။ တစ်ချို့ ဇာတ်ကောင်တွေကို ကြိုမိတ်ဆက်ထားတယ်။ LOTR ပရိတ်သတ်တွေအတွက် Bilbo ရဲ့ Riddle တွေဖြေရှင်းပုံတွေပါတယ်။ LOTR ပရိတ်သတ်အမှန်ဆိုရင်တော့ ဒီကားက ခင်ဗျားတို့ကို စိတ်ပျက်စေမှာမဟုတ်ဘူး။ ကျနော့်လိုပဲ ချစ်လိမ့်မယ်။ :P


LOTR ဇာတ်ကားတွေမှာ သရုပ်ဆောင်အကောင်းဆုံးဖြစ်တဲ့၊ လူတိုင်းချစ်တဲ့ Gollum ကလည်း အံ့မခန်းသရုပ်ဆောင်ပြလိမ့်မယ်။ :P




2 comments: